ဒေတာ ခွဲခြမ်းစိတ်ဖြာရေးမှူးအနေနဲ့ ကျွန်တော်တို့ရဲ့ ဒေတာအကြောင်း လေ့လာတဲ့ ခရီးစဥ်ကို စတင်လိုက်ရအောင်။
နေ့စဉ် လက်ရှိမှာ ထုတ်လုပ်နေတဲ့ ဒေတာပမာဏများနဲ့ အဖွဲ့အစည်းတစ်ခုအတွင်းရရှိနိုင်တဲ့ ဒေတာတွေကို စဉ်းစားကြည့်လိုက်ပါ။ ဒေသဆိုင်ရာ ဒေတာကနေစတင်ပြီး တရားဝင်ဒေတာစုစည်းမှု၊ ကျွန်တော်တို့ အသုံးပြုတဲ့ ဝန်ဆောင်မှုတွေဆီက ရရှိတဲ့ တယ်လီမက်ထရီဒေတာ၊ လူမှုမီဒီယာတို့မှရရှိတဲ့ သတင်းအချက်အလက်များအထိ ပါဝင်ပါတယ်။
ဥပမာအားဖြင့် ယနေ့အချိန်မှာ လက်လီရောင်းဝယ်လုပ်ငန်းများမှာ ကျွန်တော်တို့ ကြည့်ရှုခဲ့သော ပစ္စည်းများ၊ ဝယ်ယူခဲ့သောပစ္စည်းများ၊ ဝက်ဘ်ဆိုက်တွင် သွားရောက်ခဲ့သော စာမျက်နှာများ၊ အရောင်းဆိုင်တန်းများတွင် ကျွန်တော်တို့ ဝယ်ယူခဲ့သော ပစ္စည်းများ၊ ကျွန်တော်တို့၏ အသုံးစရိတ် အလေ့အထများစတဲ့ ဒေတာပမာဏများကို စုဆောင်းထားခြင်း၊ သိမ်းဆည်းထားခြင်းများပြုလုပ်နေတယ်။ ကျွန်တော်ဆိုရင်လည်း အလီဘာဘာ ကုမ္ပဏီရဲ့ မြန်မာပြည်အတွက် ဖွင့်လှစ်ထားတဲ့ shop.com.mm မှာ ဒေတာဌာနရဲ့ အကြီးတယောက်အနေနဲ့ အလုပ်လုပ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို နေ့စဥ် ပျမ်းမျှလာရောက်ကြတဲ့ အသုံးပြုသူ နှစ်သောင်းခွဲလောက်ရဲ့ အချက်အလက်တွေကို အထက်မှာ ပြောခဲ့သလို စုစည်းသိမ်းဆည်းရပါတယ်။ဒီ့နောက်မှာတော့ အခြားဌာနတွေဖြစ်တဲ့ Marketplace, Official Store, Traffic Operations, CRM, Marketing, eLogistics, Finance ဌာနတို့အတွက် သက်ဆိုင်ရာ ရီပိုဒ့်တွေကို ထုတ်ပေးပြီး ဆက်လက်လုပ်ဆောင်ရမယ့် အလုပ်တွေအတွက် ဆုံးဖြတ်ချက်ချရာမှာ ကူညီပေးရပါတယ်။
ဒေတာနှင့် သတင်းအချက်အလက်များဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အမြတ်အစွန်းကို ဖော်ဆောင်ပေးနိုင်တဲ့ အစွမ်းထက်ဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လို့၊ ဒေတာရဲ့ တန်ဖိုးကို နားလည်အသုံးချတတ်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေဟာဆိုရင် ရွှေနဲ့တောင် တင်စားကြလေ့ရှိပါတယ်။ အဖွဲ့အစည်းများအနေနဲ့ ရုန်းကန်နေတဲ့ အခက်အခဲတွေ ကြုံချိန်မှာလည်း ဒေတာကို အသုံးချပြီး သက်ရောက်မှုရှိစေတဲ့ အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန်လည်း လုပ်ကြလေ့ရှိတယ်။
လက်လီရောင်းဝယ်လုပ်ငန်းတွေမှာဆိုရင် ဒေတာများနဲ့ သတင်းအချက်အလက်များကို အောက်ပါအတိုင်း အကျိုးသက်ရောက်မှုရှိစွာ အသုံးပြုကြလေ့ရှိတယ်။
- ကုန်ပစ္စည်း စာရင်းများကို ခြေရာခံခြင်း(Tracking inventory)
- ဝယ်ယူဆောင်ရွက်မှုအလေ့အထများကို သုံးသပ်ခြင်း(Identifying purchase habits)
- အသုံးပြုသူအလေ့အထများနှင့်ပုံစံများကို တွေ့ရှိခြင်း (Detecting user trends and patterns)
- ဝယ်ယူဖို့ အကြံပြုချက်များ ပေးခြင်း (Recommending purchases)
- စျေးနှုန်းကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိခြင်း (Determining price optimizations)
- လိမ်လည်မှုများကို ကာကွယ်တားဆီးခြင်း (Identifying and stopping fraud)
စီးပွားရေး အလုပ်တိုင်းမှာ နေ့စဉ်/လစဉ်အရောင်းအခြေအနေများကို ရှာဖွေသုံးသပ်ရန်လည်း လိုအပ်ကြပါတယ်။ အများအားဖြင့် စုံစမ်းစစ်ဆေးရာမှာ သုံးသပ်မယ့် ဒေတာများမှာ နေ့စဉ်နှိုင်းယှဉ်၊ အပတ်စဥ်နှိုင်းယှဉ်၊ လစဉ်နှိုင်းယှဉ်တို့ ပါဝင်ပြီး ယခုနှစ်နဲ့ အတူ ယခင်နှစ်ရဲ့ ကာလအလိုက် အခြေအနေများကို နှိုင်းယှဉ်ခြင်းတို့လည်း လုပ်ကြလေ့ရှိတယ်။
ဒေတာဆိုတာ သူ့အတိုင်းနေရင် ကိန်းဂဏန်းတွေသက်သက်ထက် မပိုပါဘူး။ ဒေတာတွေထဲကနေ ဆက်စပ်တဲ့အခြေအနေ(context)တို့နဲ့ လျော်ညီတဲ့ အသင့်လျော်ဆုံး ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ ဥာဏ်အမြော်အမြင်နဲ့ ဇာတ်လမ်းကြောင်းတခုသဖွယ် အမှတ်စက်များကို လိုက်လံ ဆက်စပ်နိုင်ဖို့က အရေးကြီးပါတယ်။
ယနေ့ခေတ်ကာလလို အပြိုင်အဆိုင်များပြီး အရှိန်အဟုန်ပြင်းထန်တဲ့ စီးပွားရေးလောကအတွင်းမှာ ဒီဇာတ်လမ်းကို ပြောပြတဲ့ အစီရင်ခံစာများကို အဓိကထားဖန်တီးကြရပါတယ်။ ဒါက စီးပွားရေးခေါင်းဆောင်များအနေနဲ့ ဒေတာအပေါ်အခြေခံပြီး လုပ်ဆောင်တဲ့ သူတို့ရဲ့ ပြုမူချက်တွေအတွက် မှန်ကန်အောင် ကူညီပေးရာလည်း ကျတယ်။ စီးပွားရေး ဆုံးဖြတ်သူများအတွက် မှန်ကန်တဲ့ ဇာတ်လမ်းကို အမြဲလိုအပ်ကြတယ်၊ ဒါမှသာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်များ အနေနဲ့ ဆောင်ရွက်နိုင်မယ်။ စီးပွားရေးတစ်ခုက မှန်ကန်တဲ့ အစီရင်ခံချက်များကို အမြန်ဆုံး ထုတ်ပြန်နိုင်လေလေ၊ ပိုမိုပြိုင်ဆိုင်နိုင်စွမ်းရှိလေလေဖြစ်ပြီး အားသာချက်များရရှိလေ ဖြစ်ပါတယ်။ ဇာတ်လမ်းမပါရင် ဒေတာက ဘာပြောချင်တယ်ဆိုတာကို နားလည်ဖို့ ခက်ခဲမယ်။
သို့သော် ဒေတာပဲ ရှိခြင်းကလည်း တကယ်တမ်း မလုံလောက်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ အတွင်းမှာ အပြောင်းအလဲ ဖြစ်စေနိုင်ဖို့ ဒေတာအပေါ် အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်များ ထွက်ပေါ်လာဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်တွေဆိုတာ ဥပမာပြောရရင် တစ်ခါတစ်လေ စီးပွားရေး လုပ်ငန်းများ အတွင်းရှိ အရင်းအမြစ်များကို လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြန်လည်ခွဲဝေခြင်း ဒါမှမဟုတ် ငွေသာကုန်ပြီး အလုပ်မဖြစ်တဲ့ ကြော်ငြာချက်တွေကို သိပြီး လိုအပ်သလို လမ်းကြောင်းပြောင်းခြင်းမျိုးကို ဆိုလိုပါတယ်။ ဒီအခြေအနေတွေမှာ ဒေတာနဲ့အတူ ဇာတ်လမ်းတစ်ခု ဖော်ပြနိုင်ဖို့ မရှိမဖြစ်တော့ လိုအပ်ပါတယ်။
ယနေ့မှာ စီးပွားရေးတွေ ရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲက ဒေတာကို နားလည်ပြီး လုပ်ငန်းများရဲ့ အကျိုးစီးပွားကို သက်ရောက်မှု ဖြစ်စေတဲ့ ဆောက်ရွက်ချက်တွေမှာ ပြန်လည် အသုံးချနိုင်ဖို့ လူ့စွမ်းအား အရင်းအမြစ်ကောင်း လိုအပ်ချက်ကလည်း တခုပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံလေးတွေတင် မဟုတ်ပါဘူး။ နိုင်ငံကြီးတွေမှာလည်း ဒေတာကို နားလည်ပြီး အလုပ်လုပ်နိုင်တဲ့ လူစွမ်းအားအရင်းအမြစ်တွေ များစွာလိုအပ်လို့ ကျောင်းတွေမှာ စနစ်တကျ သင်ကြားမှုတွေ ပြုကြသလို အစိုးရတွေကလည်း နိုင်ငံတော်အဆင့် စီမံချက်တွေနဲ့ မဟာဗျူဟာမြောက် လုပ်ဆောင် နေကြပါပြီ။ (စကားချပ်- ၂၀၁၅ခုနှစ်က တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ်မြောက် ပါတီညီလာခံ အပြီးထွက်လာတဲ့ တရုတ်ပြည် လူမှုစီးပွား မဟာဗျူဟာစီမံချက်လိုမျိုး စာအုပ်မျိုးတွေမှာ လက်တွေ့ပါတဲ့ စီမံကိန်းများအကြောင်းကို အတုယူဖတ်ရှုနိုင်ပါတယ်)
ကျွန်တော်တို့အနေနဲ့ ဒေတာကို ကြည့်ပြီး ယုံကြည်စိတ်ချရတဲ့ စီးပွားရေး ဆုံးဖြတ်ချက်များကို လမ်းကြောင်းဖောက်ပေးနိုင်ရမယ်။ ဒါနဲ့အတူ၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချက်အလက်များကို စံနှုန်း တိုင်းတာချက်တို့ ထားရှိရမှာ ဖြစ်ပြီး အဲဒီအချက်အလက်များရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်အောင် နားလည်ဖို့ လိုအပ်ပါတယ်။
ရှေးရိုးစွဲ လှေကြီးထိုးရိုးရိုးအပြင်၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အားနည်းတဲ့ ကျွန်တော်တို့ တိုင်းပြည်လို နေရာမျိုးတွေမှာ အထက်မှာ ဆွေးနွေးခဲ့တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဖွဲ့အစည်း အတော်များများမှာ အခက်အခဲရှိနိုင်ပါတယ်။ သို့သော် ဒီအလုပ်က လုပ်ကို လုပ်ရမယ့် အလုပ်တွေလို့ ခံယူစိတ်ရှိရင် အခက်အခဲတိုင်းက ကျော်လွှားနိုင်မှာပါ။ကျွန်တော်တို့အနေနဲ့ ပထမဆုံးခြေလှမ်းက ကော်ပိုရေးရှင်းတွေ အတွင်းမှာ ဒေတာ ကျွမ်းကျင်သူများဖြစ်တဲ့ ဒေတာအင်ဂျင်နီယာများ၊ ဒေတာသိပ္ပံပညာရှင်များနဲ့ ပူးပေါင်းပြီး ဒေတာရရှိနိုင်အောင် လုပ်ဆောင်ရမှာပါ။ ဒီပညာရှင်များကို ကျွန်တော်တို့ရဲ့ ဒေတာခရီးစဉ်မှာ ပါဝင်အောင် ဖိတ်ခေါ်ရမှာပါ။
ဒေတာနဲ့ ဇာတ်လမ်းတစ်ခု ဖော်ပြတတ်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်က အဖွဲ့အစည်းတစ်ခုတွင်းမှာ ဒေတာယဉ်ကျေးမှုတစ်ခု တည်ဆောက်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဇာတ်လမ်းတစ်ခု ပြောဖို့ လိုအပ်သလို၊ အဲ့ဒီဇာတ်လမ်းကို ဘယ်သူတွေကို ပြောပြရမယ်ဆိုတာလည်း အရေးကြီးတယ်။ အဖွဲ့အစည်းတွင်းမှာ လူတွေက ဇာတ်လမ်းကို အလွယ်တကူ ရှာဖွေနိုင်ဖို့၊ ဘယ်မှာ ရှိနေလဲဆိုတာသိရှိဖို့နဲ့ နေ့စဉ် ဆက်သွယ်ဆောင်ရွက်မှုတို့မှာ ပါဝင်နေဖို့ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်ရပါမယ်။
ဒေတာကို ခွဲခြမ်းစိတ်ဖြာခြင်းဟာ ဒီစိန်ခေါ်မှုတွေနဲ့ ပြဿနာကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် ဖြစ်ပါတယ်။ ဒါမှသာ စီးပွားရေး လုပ်ငန်းတွေအတွက် ဒေတာ ဇာတ်ကြောင်းပြောတွေကတဆင့် ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာကို ကြိုတင် သိနိုင်တာ၊ ကွယ်မြုပ်နေတဲ့ အပိုင်းအစတွေကို ပေါင်းစပ်ပြီး တန်ဖိုးတခုထွက်အောင် လုပ်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒေတာအပေါ်အခြေခံပြီး အဖွဲ့အစည်းအတွင်း အကျိုးသက်ရောက်မှုရှိစေဖို့ ဘယ်လို သုံးနိုင်တယ်ဆိုတာကို ဆက်လက် လေ့လာကြပါမယ်။
Reference:
Microsoft Learning
Fran Ackermann, Colin Eden - Making Strategy_ Mapping Out Strategic Success (2011, SAGE Publications)