What is GED?

အခြေခံပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စစ်ဆေးခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော GED test သည် (အမေရိကန်နိုင်ငံဆိုင်ရာ) အထက်တန်း/ တက္ကသိုလ်ဝင်တန်း ပညာရေးအဆင့်နှင့် တန်းတူညီသော ပညာဗဟုသုတ အရည်အချင်း မည်၍ မည်မျှ ရှိသည်ကို အလုံးစုံ ထောင့်စေ့အောင် အကဲဖြတ် စစ်ဆေးသော  စာမေးပွဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်နှစ်ပေါက် ပညာသစ်နှစ်တစ်ခုလုံး တစ်တန်းပြီး တစ်တန်း သမားရိုးကျ လမ်းကြောင်းဖြင့် ကျောင်းတက် ပညာသင်ကြားကာ အထက်တန်း/ တက္ကသိုလ်ဝင်တန်းပညာရေးကို မပြီးမြောက်နိုင်ခဲ့သော သူများအတွက် ၎င်းပညာရေးနှင့် အဆင့်အတန်း တူသော အရည်အချင်းပြ ပညာရေးအောင်လက်မှတ်ကို ရရှိလိုသူများဟာ ဤ GED စာမေးပွဲကို ဖြေဆိုကြပါတယ်။   


GED နှင့်ပတ်သက်ပြီး မှတ်သားသင့်သော အဓိက အချက်များမှာ...

ရည်ရွယ်ချက်

o   GED သည် အထက်တန်း/ တက္ကသိုလ်ဝင်တန်း အဆင့်နှင့်ညီသော အောင်လက်မှတ် ရယူလိုသူတို့အတွက် ခင်းကျင်းပေးထားသော နည်းလမ်းတစ်သွယ်ပဲ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပုံမှန် သမာရိုးကျ နည်းလမ်းဖြင့် ကျောင်းတက်ပြီး အထက်တန်း/ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်ခွင့် မရှိခဲ့သူများအတွက် တက္ကသိုလ်/ ကောလိပ် တက်ရောက်နိုင်မည့် ပညာအရည်အချင်းဆိုင်ရာ တတ်ကျွမ်းမှုကို သက်သေထူ ပြသနိုင်မည့် အခွင့်အရေး နှင့် နောက်ဆက်တွဲ အလုပ်အကိုင်အခွင့်အလမ်းကောင်း ပေးနိုင်မည့် အရာဟာ GED ပဲဖြစ်ပါတယ်။

ပါဝင်သည့်အပိုင်းနယ်ပယ်များ

GED စာမေးပွဲ စစ်ဆေးမှုအတွက် ဘာသာရပ် ၄ခု ကိုထည့်သွင်းထားပါတယ်။ 

သင်္ချာနှင့်ပတ်သက်ပြီး တွေးတော ကြောင်းကျိုး ဆင်ခြင်နိုင်မှု(Mathematical Reasoning)

၎င်းနှင့်ပက်သက်သော စစ်ဆေးမှုတွင် ဖြေဆိုသူသည် အက္ခရာသင်္ချာ (Algebra)၊ ဂျီဩမေတြီသင်္ချာ (Geometry)၊ အချက်အလက်ကိန်းဂဏန်း ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Data Analysis) နှင့်  ရေတွက်လို့ရသော ကိန်းဂဏန်းများနှင့်ပတ်သက်သော ပြဿနာဖြေရှင်းခြင်း (Quantitative Problem-solving) စသော နယ်ပယ်များတွင် မည်၍ မည်မျှ အရည်အချင်းရှိသည်ကို အကဲဖြတ်ခြင်းခံရမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားကိုပိုင်နိုင်စွာအသုံးချပြီး တွေးတော ကြောင်းကျိုး ဆင်ခြင်နိုင်မှု(Reasoning Through Language Arts)

၎င်းနှင့်ပတ်သက်သော စစ်ဆေးမှုတွင် ဖြေဆိုသူသည် အင်္ဂလိပ်စာနှင့်ပတ်သက်လျှင် ပေးထားသောစာကိုဖတ်ရာတွင် ဘယ်လောက် နားလည်နိုင်မှု ရှိသလဲ၊ အရေးအသား ဘယ်လောက်ကောင်းမွန်လဲ၊ ဝေဖန်ပိုင်းခြား ဆင်ခြင်တွေးတောနိုင်စွမ်း ဘယ်လောက်ရှိလဲ စသည်တို့ကို အကဲဖြတ်ခြင်းခံရမှာ ဖြစ်ပါတယ်။

သိပ္ပံဘာသာရပ်(Science)

၎င်းနှင့် ပတ်သက်သော စစ်ဆေးမှုတွင် ဖြေဆိုသူသည် သိပ္ပံဆိုင်ရာ အတွေးအခေါ်အယူအဆနယ်ပယ်များကို ဘယ်လောက်နားလည်နိုင်သလဲ နှင့် သိပ္ပံနည်းကျကျ ကြောင်းကျိုးဆင်ခြင်တွေးတောနိုင်စွမ်း ဘယ်လောက်ရှိသလဲ စတာတွေကို အကဲဖြတ်ခြင်း ခံရမှာ ဖြစ်ပါတယ်။ 

လူမှုရေးဘာသာရပ်(Social Studies)

၎င်းနှင့် ပတ်သက်သော စစ်ဆေးမှုတွင် ဖြေဆိုသူသည် သမိုင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ စီးပွားရေးရာဆိုင်ရာ နာလည်တတ်ကျွမ်းမှုများ၊ နိုင်ငံတွင် ပြည်သူများအနေနဲ့ သိနားလည် လိုက်နာရမည့် လုပ်ငန်းဆောင်တာ ကျင့်ဝတ်များ၊ ပထဝီဝင်ဆိုင်ရာ အသိဗဟုသုတများ နှင့်ပတ်သတ်ပြီး ကြောင်းကျိုးဆင်ခြင် တွေးတော သိနားလည်နိုင်စွမ်း ဘယ်လောက်ရှိသလဲ ဆိုတာကို အကဲဖြတ်ခြင်း ခံရမှာ ဖြစ်ပါတယ်။

စာမေးပွဲမေးခွန်းပုံစံ

  • GED စာမေးပွဲတွင် ပေးထားသော အဖြေများစွာထဲမှ မှန်ကန် စီလျော်သောအဖြေကို ရွေးချယ်ခြင်း၊ တိုတိုတုတ်တုတ် အဖြေပေးကာ တုံ့ပြန်ဖြေဆိုခြင်း၊ ကြောင်းကျိုးစီလျော်စွာ အစီအစဉ်ပြုလုပ်ပြီး စီကာပတ်ကုံး စနစ်တကျ ဖြေဆိုရေးသားခြင်း စသည်တို့ကို ပြုလုပ်ရသော မေးခွန်းပုံစံများဖြင့် မေးမှာ ဖြစ်ပါတယ်။
  • စာမေးပွဲသည် ကွန်ပျူတာဖြင့် ဖြေဆိုရသော စာမေးပွဲဖြစ်ပြီး၊ ဖြေဆိုမည့် အချိန်ကာလ ရွေးချယ်ခြင်း နှင့် နေရာဒေသရွေးကာစာမေးပွဲသွားရောက်ဖြေဆိုခြင်း စသည်တို့နှင့် ပတ်သက်လျှင် ဖြေဆိုသူအတွက် အဆင်ပြေအောင် ညှိယူလို့လွယ်ကူသော စာမေးပွဲလည်း ဖြစ်ပါတယ်။

အောင်မှတ်

GED အောင်ဖို့အတွက်ဆို ဖြေဆိုသူသည် ဘာသာရပ်တစ်ခုခြင်းစီတိုင်းကို အနည်းဆုံး မဖြစ်မနေ ရရှိရမည့် အမှတ်ရဖို့လိုအပ်ပါတယ်။ စာမေးပွဲသည် အမေရိကန်နိုင်ငံ အထက်တန်း/ တက္ကသိုလ်ဝင်တန်း ပညာရေးအခြေပြု စာမေးပွဲဖြစ်သောကြောင့် အဆင့်မြင့်ပညာရေး ဆက်လက် စည်းပူးဖို့ရန် ဘာသာရပ်တစ်ခုစီအတွက် အောင်မှတ်သည် မည်၍ မည်မျှဖြစ်ရမည်ကို  သတ်မှတ်ရာတွင် အမေရိကန်နိုင်ငံ၏ မည်သည့် ပြည်နယ်တွင် တက္ကသိုလ်/ ကောလိပ် ကျောင်း သွားတက်ရောက်မည်လဲ ပေါ်မူတည်ပြီး တစ်ပြည်နယ်နှင့် တစ်ပြည်နယ် တစ်ကျောင်းနှင့် တစ်ကျောင်း ကွာခြားမှု ရှိနိုင်ပါတယ်။ 

အကျိုးကျေးဇူးများ

အဆင့်ပညာဆက်လက် ဆည်းပူးရန်ဖြစ်ဖြစ်၊ နောက်ဆက်တွဲ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများနှင့် ပတ်သက်လို့ပဲဖြစ်ဖြစ်၊ မိမိ၏ပုဂ္ဂိုလ်ရေးဆိုင် ဖွံ့ဖြိုးတိုးတက်အောင်မြင်လာမှု ရှုထောင့်ကပဲကြည့်ကြည့် GED ပြီးမြောက်အောင်မြင်ခြင်းသည် အခွင့်အရေးတံခါးချပ်များစွာကို ဆွဲဖွင့်ပေးနိုင်စွမ်းရှိပါတယ်။ GED ဖြေဆိုအောင်မြင်ထားသူသည် သူ၏ဘဝမြင့်မားကောင်းမွန်လာဖို့ အတွက် လက်မလျော့ပဲ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပျက် လေ့လာကြိုးပမ်းအားထုတ်နေသူ ဖြစ်ကြောင်းကိုလည်း သက်သေထူ ပြသနိုင်သွားမှာလည်းဖြစ်ပါတယ်။

ပြင်ဆင်ခြင်း

o   GED ဖြေဆိုဖို့အတွက် ပြင်ဆင်ရာတွင် စာကျက်မှတ်လေ့လာပုံနှင့်ပတ်သက်သော အကြံပြု လမ်းညွှန်များ၊ လေ့ကျင့်ဖြေကြားလို့ရသောအစမ်းဖြေစာမေးပွဲများ၊ တက်ရောက်နိုင်သော အတန်းများ စသော အသုံးပြုလို့ရသည့် အရင်းအမြစ်များစွာရှိပါတယ်။

o   GED နှင့်ပတ်သက်လျှင် ပြင်ဆင်သင်ကြားပေးသော အတန်းကို ဝင်ရောက်တက်မှာလား သို့မဟုတ် အင်တာနက်ပေါ်က GED ဘာသာရပ်စာပေများကိုပဲ ကိုယ့်ပါသာကိုယ် ဖတ်ရှုလေ့လာ သင်ယူ အသုံးပြုသွားမှာလား ဆိုတာကို ရွေးချယ်ဖို့ ကိုယ့်စိတ်ကြိုက် ဆင်ခြင်သုံးသပ် ကြည့်နိုင်ပါတယ်။

ကောင်းကောင်းနားလည် သဘောပေါက် မှတ်မိနေရာမည့်အချက်ကတော့ GED ပြီးမြောက် အောင်မြင်ခြင်းဟာ မိမိအတွက် အရေးပါ အထင်ကရဖြစ်သော အောင်မြင်မှုတစ်ဖြစ်တဲ့အပြင် ဘဝအတွက် ပညာရေး နှင့် အလုပ်အကိုင် အခွင့်လမ်းကောင်းများစွာကို ဆောင်ကျင်းပေးနိုင်မည့် အရာဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

သင် လျောက်လှမ်းမည့် ဘဝလမ်းခရီးတစ်လျောက်လုံး ကံကောင်းခြင်းတွေ ရရှိနိုင်ပါစေ။

References:

https://www.ged.com/

https://www.test-guide.com/ged/

in GED